Saturday, January 24, 2015

ကမ္ဘာ့အမွေအနှစ်အသိအမှတ်ပြု ဟန်လင်းပျူ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ




WORLD HERITAGE PYU ANCIENT CITY-HANLIN


  ကမ္ဘာ့အမွေအနှစ်အသိအမှတ်ပြု ဟန်လင်းမြို့ဟောင်း ၊WORLD HERITAGE PYU ANCIENT CITY-HANLIN ကမ္ဗည်းစာသားရေးထွင်းထားသည့်စကျင်ကျောက်တုံးကြီးကို မြို့ဟောင်းတောင်ဘက် ကုန်းအမှတ်(၁၇)မြို့ဝင်ပေါက်အနောက်ဘက်တွင်ရှေးဟောင်းသူတေသနနှင့်အမျိုးသားစာကြည့်တိုက်ဌာနက စိုက်ထူပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။



(၃၈) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီအစည်းအဝေး၌ ကော်မတီအဖွဲ့ဝင် (၂၁) နိုင်ငံအနက် (၁၇) နိုင်ငံမှအဖွဲ့ဝင်များကမြန်မာနိုင်ငံရှိပျူမြို့ဟောင်းများ၏ထူးခြားထင်ရှားသောယဉ်ကျေးမှုစရိုက်လက္ခဏာများတည်ရှိနေမှု၊အရှေ့တောင်အာရှတွင်အဦးဆုံးသောမြို့ပြတည်ထောင်မှုစနစ်ပေါ်ထွန်းခဲ့ရာ ဒေသများအဖြစ် အဆိုပြုကာတစ်ခဲနက် ထောက်ခံခဲ့သဖြင့်ကမ္ဘာ့အမွေအနှစ်အဖြစ်ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာမြို့ဟောင်းများသည်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ရာဟန်လင်းပျူမြို့ ဟောင်းသည်မြန်မာနိုင်ငံရှိကမ္ဘာ့အမွေအနှစ်အသိအမှတ်ပြုခံရသည့်ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ တစ်ခုဖြစ်သည်။
ဟန်လင်းမြို့ဟောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊၀က်လက်မြို့နယ်၊မန္တလေး-ရွှေဘို ကားလမ်းပေါ်ရှိ စိုင်နိုင်(အရှေ့)ကွေ့မှ အရှေ့ဘက် ၁၀မိုင် ၂ဖာလုံ၊ရွှေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀မိုင် ၅ဖာလုံ တွင်တည်ရှိပြီး အလျား(၂)မိုင်၊အန(၁)မိုင်ခန့်ရှိ စတုဂံပုံမြို့ရိုး ရှိသည်။ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များအရ ဟန်လင်းဒေသတွင် ကျောက်ခေတ်၊ကြေးခတ်၊သံခေတ်မှစ၍ ပျူမြို့ပြနိုင်ငံ တည်ထောင်ခဲ့သည့်အချိန်ထိတစ်ဆက်တစ်စပ်တည်းနေထိုင်ခဲ့ကြောင်းတွေ့ရှိရသည်။ဟန်လင်းပျူ ကျောက်စာ၌ အသုံးပြုထားသောအက္ခရာများမှာအိန္ဒိယတောင်ပိုင်းအရေးအသားများတွင်အခြေတည်သည့်ဗြာဟ္မီအက္ခရာများဖြစ်ပြီး ခရစ်နှစ်(၄)ရာစုကာလကအရေးအသားများဖြစ်သည်။


ဟန်လင်းမြို့ဟောင်းမှာယနေ့တိုင်တွေ့မြင်လေ့လာနိုင်တာတွေကတော့အနုပညာလက်ရာမြောက် ရွှေထည်၊ငွေထည်ပစ္စည်းများ၊ကျောက်စာများ၊အရိုးစုများ၊မြို့ရိုးမြို့တာများ၊ရှေးဟောင်းအဆောက်အအုံ အကြွင်းအကျန်များ စသည့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကိုလေ့လာနိုင်သည်။
ယခုဆိုရင်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များဝင်ရောက်မှုများပြားလာရာလာရောက်သည့်ဧည့်သည်များကိုစနစ်တကသင်တန်းတက်ရောက်ထားသည့်ဒေသဧည့်လမ်းညွှန်များကအခမဲ့လိုက်လံရှင်းပြပေးလျက်ရှိသည်။ နိုင်ငံခြားသားများကို ဇုံဝင်ကြေး ကျပ်ငါးထောင် ကောက်ခံပြီး ပြည်တွင်းဧည်သည်များကို တော့ အခမဲ့ဝင်ရောက်လေ့လာနိုင်သည်။



ဟန်လင်းမြို့ဟောင်းတွင် ယဉ်ကျေးမှုအမွေအနှစ်များအပြင် ရေပူ၊ရေအေးရေပူစမ်းနှင့် ဒေသခံ ဆားတောင်သူများ၏ ဆားချက်လုပ်ငန်းကိုလည်းလေ့လာနိုင်သည်။ ရေပူစမ်းတွင်းများမှာ နွေ။မိုး၊ဆောင်း ထူးခြားပြောင်းလဲမှုမရှိပဲ ရေလျှံတွင်းများအဖြစ်စီးဆင်းလျက်ရှိပြီး တွင်းပေါင်း (၁၀)တွင်း ရှိသည်။ ကြက်ဥကျက်တွင်း၊အမျိုသားရေပူကန်၊သီရီမန္တလာတွင်း၊ဦးတင်သောင်းတွင်း၊တိုက်သစ်ဘုန်း တော်ကြီးတွင်း၊မအအေးတုန်တွင်း ၊အမျိုးသမီးရေကန်အထက်တွင်း၊မောင်စကားတွင်းနှင့်မောင်ဘီလားတွင်း၊ဦးခင်မောင်စိန်တွင်း၊တွင်းမကြီးတွင်း ဆိုပြီးလေ့လာနိုင်သည်။ဆားချက်လုပ်ငန်းများကိုမင်းရွာကုန်း၊ကိုးအိမ်ထောင်၊တောင်ဘို၊မာလာကုန်းရပ်ကွက်များမှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေတာကို လေ့လာနိုင်သည်။ 


ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာသည့် ဟန်လင်းဒေသ ကို ပြည်တွင်းပြည်ပ ဧည့်သည်များ အများ အပြားလာရောက်လည်ပတ်တော့မည်ရာယဉ်ကျေးမှုအမွေအနှစ်များကိုအခြေခံသည့်ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်။ဒေသခံများအတွက် ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းများ၊သယ်ယူပို့ဆောင်ရေးနှင့်စားသောက်ဆိုင်ရာရောင်းဝယ်ဖောက်ကားမှုများတိုးတက်လာမည်။ ဒေသထွက် လက်မှုလုပ်ငန်းများနှင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာမည်။တည်းခိုးနေထိုင်ရေးနှင့် ဒေသတွင်းသွားလာရေးအလုပ်အကိုင်အခွင့်အလမ်းများ ကို ဟန်လင်းဒေသခံများ ရရှိခံစားရတော့မည်။
  

   ရွှေမန်း


No comments:

Post a Comment